ဆောင်းတွင်းဘက်မှာ မျက်စိခြောက်တာဘာလို့

မြန်မာနိုင်ငံမှာ နွေ၊မိုး၊ဆောင်း ဥတု ၃ မျိုး အလီလီပြောင်းလဲလာတာ ခုဆိုရင် ဆောင်းရာသီကိုရောက်ရှိလာပြီ ဖြစ်ပါတယ်။ရာသီဥတု က အေးစိမ့်စိမ့်နဲ့မို့ နေထိုင်ရတာ ပျော်စရာကောင်းပေမယ့် လေထုစိုထိုင်းစနည်းလာတဲ့အတွက် အသားအရည်ခြောက်သွေ့ခြင်း၊ပန်းနာရင်ကြပ်ရောဂါပိုဆိုးခြင်းနဲ့အတူ မျက်စိရောဂါများလည်း ဆောင်းတွင်းမှာ ပိုဆိုးလာတတ်ကြပါတယ်။

မျက်စိရောဂါထဲမှာ အဖြစ်အများဆုံးကတော့ မျက်လုံးခြောက်ခြင်းပဲဖြစ်ပါတယ်။မနက်စောစောထတဲ့အခါ မျက်လုံးမဖွင့်နိုင်ခြင်း၊မျက်လုံးယားခြင်း၊မျက်ဝတ်တွေထွက်ပြီး မျက်လုံးနီခြင်း၊မျက်လုံးက အလင်းရောင်ကို မခံနိုင်ခြင်း၊အမြင်အာရုံမှုန်ဝါးခြင်း၊မျက်လုံးထဲ အမှုန်ဝင်သလိုခံစားရခြင်းနဲ့ မျက်လုံးစူးပြီး မျက်ရည်တွေ အများကြီး စီးကျခြင်းတွေကတော့ မျက်လုံးခြောက်တဲ့ အဓိကလက္ခဏာတွေပဲဖြစ်ပါတယ်။တချို့ကတော့ မျက်ရည်ခမ်းခြောက်တဲ့ရောဂါကြောင့် မျက်လုံးခြောက်ကြပြီး တချို့ကတော့ တခြားရာသီဆို ပုံမှန်ဆိုပေမယ့် ဆောင်းတွင်းကာလမှာ မျက်လုံးခြောက်ကြပါတယ်။

မျက်လုံးကိုပုံမှန်အားဖြင့် အလွှာ ၃ ခုနဲ့ကာကွယ်ထားပြီး ဖုန်တွေ၊အမှုန်တွေနဲ့ မထိတွေ့အောင် ဆောင်ရွက်ပေးထားပါတယ်။တကယ်လို့ ပြင်ပကအမှုန်အမွှားတွေ မတော်တဆမျက်လုံးထဲရောက်လာခဲ့ရင်တောင် မျက်လုံးထဲက ချောဆီလေး က မျက်ရည်အဖြစ်နဲ့ သန့်စင်ပေးလေ့ရှိပါတယ်။ဒါပေမယ့် စိုထိုင်းစနည်းတဲ့ဆောင်းရာသီမှာဆိုရင်တော့ မျက်ရည်တွေထုတ်နိုင်မှုနည်းသွားသလို ချောဆီတွေကလည်း လေထုထဲမှာ အငွေ့ပျံခြင်းဖြင့် နည်းပါးသွားကြပါတယ်။ဆီးချိုသွေးတိုးရောဂါရှိသူတွေ၊မိမိကိုယ်ခံအားစနစ်က မိမိကို ပြန်တိုက်ခြင်းခံရတဲ့သူတွေ၊မျက်လုံးခွဲစိတ်ထားသူတွေနဲ့ screen time များသူတွေမှာဆိုရင် သိသိသာသာမျက်လုံးခြောက်တဲ့ဒဏ်ကို ပိုခံစားရလေ့ရှိပါတယ်။

ဆောင်းတွင်းရောက်လာတာကို တားလို့မရပေမယ့် မျက်လုံးခြောက်တာကို သက်သာအောင်လုပ်လို့ရပါတယ်။ဒီလို မဖြစ်အောင်ကာကွယ်ဖို့ဆိုရင်တော့ omega 3 ပါတဲ့အစားအစာတွေ၊သစ်သီးဝလံတွေ စားသုံးပေးပြီး ရေမကြာခဏသောက်ပေးကာ ခန္ဓာကိုယ်အစိုဓာတ်ဖြည့်ပေးဖို့လိုပါတယ်။မျက်စိခြောက်ရင် မျက်ရည်တုထည့်ပေးခြင်းကသက်သာတာ မှန်ပေမယ့်လည်း နေပူပူ၊ဖုန်ထူထူထဲသွားရင်နေကာမျက်မှန်တပ်ပေးခြင်းဖြင့် မျက်စိလေးကို ကာကွယ်ရပါမယ်။ဒါ့အပြင်မျက်စိကိုပွတ်ခြင်း နဲ့ မျက်ကပ်မှန်တပ်ခြင်းများကို ရှောင်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။တကယ်လို့ မျက်စိခြောက်တာ အရမ်းဆိုးနေရင်တော့ မျက်စိဆရာဝန်ဆီသို့ သွားရောက်ပြသပြီး ကုသမှုခံယူဖို့ အကြံပေးပါရစေရှင်။


အလှတပ်မျက်ကပ်မှန်နဲ့ မျက်စိကျန်းမာရေး