အိပ်ရေးပျက်ခြင်းရဲ့ ဆိုးကျိုးများ

ခန္ဓာကိုယ်အပေါ် သက်ရောက်မှုများ


တစ်ညလောက် အိပ်မပျော်ဘဲ အိပ်ရာပေါ် လူးလိမ့်နေရင်း အချိန်ကုန်သွားပြီဆိုလျှင် နောက်တစ်နေ့မနက်ကျ ဘယ်လိုခံစားရတော့မယ်ဆိုတာ သိကြပြီးသားဖြစ်မှာပါ — ပင်ပန်းနွမ်းနယ်ပြီး စိတ်မကြည်မလင်ဖြစ်ကာ စိတ်မပါလက်မပါ ခံစားနေရတာတွေ အားလုံးပေါ့။ ဒါပေမယ့် လိုအပ်တဲ့ ညအိပ်စက်အနားယူချိန် 7-9 နာရီမပြည့်ခဲ့လျှင် အားအင်ကုန်ခမ်းပြီး စိတ်မကြည်မလင်ဖြစ်တာထက်ပိုတဲ့ ဆိုးကျိုးတွေကို ခံစားရမှာဖြစ်ပါတယ်။
အိပ်ရေးပျက်ခြင်းရဲ့ ရေရှည်ဆိုးကျိုးတွေက အမှန်တကယ်ရှိပါတယ်။
အိပ်ရေးမဝရင် စိတ်ပိုင်းဆိုင်ရာ အားအင်တွေကို ကျဆင်းစေပြီး ခန္ဓာကိုယ်ကျန်းမားရေးကိုလည်း ထိခိုက်စေပါတယ်။ သိပ္ပံပညာရှင်များက ကိုယ်အလေးချိန်တက်ခြင်းနှင့် ကိုယ်ခံစွမ်းအား နိမ့်ကျခြင်းတို့လို ကျန်းမာရေးပြဿနာ အတော်များများကို အိပ်ရေးပျက်ခြင်းနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရပါတယ်။
နာတာရှည်အိပ်ရေးပျက်ခြင်းကလည်း diabetes mellitus (ဆီးချိုရောဂါ) နှင့် နှလုံးရောဂါကဲ့သို့သော နာတာရှည်ရောဂါများ​ ဖြစ်နိုင်ခြေကို တိုးပွားစေပါတယ်။

ဗဟိုအာရုံကြောစနစ်


မှတ်ဉာဏ်ပြဿနာများ – အိပ်ပျော်နေချိန်မှာ ဦးနှောက်က အချက်အလက်အသစ်တွေကို အစီအစဉ်တကျ မှတ်သားနိုင်အောင် ဆက်သွယ်မှုများကို ဖွဲ့စည်းပေးပါတယ်။ အိပ်ရေးပျက်ခြင်းက ရေရှည်နှင့် ခဏတာမှတ်ဉာဏ် (၂) ခုလုံးအပေါ် ဆိုးကျိုးသက်ရောက်စေပါတယ်။
စဉ်းစားတွေးခေါ်မှုနှင့် အာရုံစူးစိုက်မှုပြဿနာများ – အနားယူချိန် အလုံအလောက်မရတဲ့အခါ သင့်ရဲ့ အာရုံစူးစိုက်မှု၊ တီထွင်နိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတွေက အရင်လောက် မတိုးတက်တော့ပါဘူး။
စိတ်ခံစားမှု အပြောင်းအလဲများ – အိပ်ရေးပျက်ခြင်းက သင့်ကို စိတ်မကြည်မလင်ဖြစ်ခြင်း၊ စိတ်ထိခိုက်လွယ်ခြင်းနှင့် စိတ်တိုလွယ်ခြင်းတို့ကို ခံစားရစေပါတယ်။ နာတာရှည်အိပ်ရေးပျက်ခြင်းက သင့်ရဲ့ စိတ်ခံစားမှုတွေကို ထိခိုက်စေပြီး anxiety နှင့် depression များကိုလည်း ခံစားရနိုင်ပါတယ်။

ကိုယ်ခံစွမ်းအားစနစ်


အိပ်ပျော်နေစဉ်မှာ ကိုယ်ခံအားစနစ်က antibodies နှင့် cytokines တို့လို ပိုးဝင်ခြင်းမှ ကာကွယ်တိုက်ခိုက်ပေးတဲ့ ပစ္စည်းများကို ထုတ်လုပ်ပေးပါတယ်။ ၎င်းတို့ကိုသုံးပြီး ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်တို့လို ပြင်ပက ဝင်ရောက်ကျူးကျော်လာတဲ့အရာတွေကို တိုက်ထုတ်ပေးပါတယ်။ အချို့သော cytokines တွေက အိပ်ပျော်စေဖို့ ကူညီပေးပြီး ဖျားနာမှုတွေမှ ကာကွယ်ဖို့ ပိုမိုထိရောက်စေပါတယ်။
အိပ်ရေးပျက်ခြင်းက သင့်ကိုယ်ခံအားစနစ်ရဲ့ အင်အားတွေ တည်ဆောက်ခြင်းကို တားဆီးပစ်ပါတယ်။ အိပ်ချိန်အလုံအလောက်မရတဲ့အခါ သင့်ခန္ဓာကိုယ်က ဝင်ရောက်ကျူးကျော်လာတဲ့ရောဂါတွေကို မတိုက်ထုတ်နိုင်တော့တဲ့အပြင် နာမကျန်းဖြစ်တဲ့အခါမှာလည်း ပြန်လည်ထူထောင်ဖို့ အချိန်ပိုယူရပါတယ်။
အိပ်ရေးအနည်းငယ်ပဲပျက်ခြင်းကတောင် ကိုယ်ခံအားစနစ်တွေကို ချို့ယွင်းစေကြောင်း တွေ့ရှိရပါတယ်။ 
ကြီးမားသော လေ့လာမှုတစ်ခုမှာ လူတွေကို nasal drops ကနေတစ်ဆင့် အအေးမိစေတဲ့ ဗိုင်းရပ်စ်တွေပေးပြီးတဲ့အခါ အအေးမိရောဂါဖြစ်ပွားမှုကို လေ့လာခဲ့ပါတယ်။ ဒီအခါမှာ အိပ်ချိန် 7နာရီအောက်နည်းတဲ့သူတွေက အိပ်ချိန် 8နာရီနှင့်အထက်ရသူတွေထက် အအေးမိနိုင်ချေ 3ဆ ပိုမိုများကြောင်း တွေ့ခဲ့ရပါတယ်။
အကယ်၍ သင်က မကြာမဏ အအေးမိတတ်တယ်ဆိုလျှင် တစ်ညကို အိပ်ချိန်အနည်းဆုံး 8နာရီရအောင် ကြိုးစားကြည့်တာက လုံးဝအထောက်အကူပြုနိုင်ပါတယ်။

ဆီးချိုရောဂါ ဖြစ်နိုင်​ချေများ


အိပ်ရေးမဝခြင်းက သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တဲ့ insulin ဟော်မုန်း ထုတ်လွှင့်မှုအပေါ် သက်ရောက်မှုတွေရှိပါတယ်။ အိပ်ချိန် အလုံအလောက်မရတဲ့သူတွေမှာ သွေးတွင်းသကြားဓာတ်တွေ ပိုမြင့်တက်နေပြီး ဆီးချိုရောဂါ type 2 ဖြစ်နိုင်ချေလည်း ပိုများပါတယ်။
 
နှလုံးရောဂါ ဖြစ်နိုင်ချေများ


အိပ်ရေးပျက်ခြင်းက သွေးပေါင်ချိန်မြင့်တက်စေခြင်း၊ ရောင်ရမ်းခြင်းနှင့် ဆက်စပ်နေတဲ့ ဓာတုပစ္စည်းများပါဝင်မှု မြင့်မားစေခြင်းများကို ဖြစ်စေလို့ နှလုံးရောဂါဖြစ်ပွါးနိုင်ခြေပိုများစေနိုင်ပါတယ်။

ဗီတာမင် စီ က ကိုယ်ခံအားတစ်ခုပဲ တက်တာလား
Vitamin C benefits