Skip to Content

Otomycosis

နားမှိုစွဲခြင်းနှင့် သတိထားရမယ့်အချက်မျာ:
August 26, 2026 by
Otomycosis
Shoon (My-Medicine)

နားမှိုစွဲခြင်းနှင့် သတိထားရမယ့်အချက်မျာ:

ခုလို စိုစွတ်တဲ့ မိုးရာသီ fungus မှိုတွေဟာ ပိုပြီးပေါက်ပွားလွယ်ပါတယ်။ Otomycosis ခေါ်တဲ့ နားမှိုစွဲခြင်းဟာ Aspergillus နဲ့ Candida စတဲ့ မှိုအမျိုးအစားတွေကြောင့် ဖြစ်ရပါတယ်။

🏊ရေကူးပြီး ရေချိုးပြီးချိန်တွေနဲ့ ခုလိုမိုးရာသီတွေမှာ နားစိုထိုင်းနေတာက otomycosis အဖြစ်များစေပါတယ်။ ပိုးသတ်ဆေးပါတဲ့ နားအစက်ချဆေးတွေကလည်း နားထဲမှာ ရှိသင့်တဲ့ ကောင်းတဲ့ Bacteria ဘက်တီးရီးယားတွေကိုပါ လျော့နည်းသွားစေတာကြောင့် မှိုပိုစွဲစေပါတယ်။ နားထဲကို ဂွမ်းတံလေးတွေနဲ့ ခဏခဏကလိတတ်တာ၊ နားအတွင်းထဲကို ကုတ်တတ်တာဟာ နားကို ကာကွယ်ပေးတဲ့ နားဖာချေးတွေကို ဖယ်လိုက်သလိုဖြစ်သလို မှိုဝင်လာဖို့ လမ်းဖောက်လိုက်သလိုလည်း ဖြစ်ပါတယ်။ ဆီးချိုသွေးချိုရောဂါနဲ့ ကိုယ့်ခံအားမကောင်းတဲ့ သူတွေမှာ ပိုအဖြစ်များပါတယ်။  

နားမှိုစွဲပြီဆိုရင် နားအတွင်းပိုင်းနဲ့ နားပတ်ပတ်လည်ဟာအရမ်းကို ယားယံလာပါတယ်။ နားကအူနေပြီး တခုခုပိတ်နေသလို အကြားအာရုံလည်း လျော့သွားတတ်ပါတယ်။ အရမ်းဆိုးရင် အဖြူ၊ အဝါ၊ အမဲရောင် သို့မဟုတ် အစိမ်းရောင် အရည်တွေပါ ထွက်လာနိုင်ပါတယ်။ နားပေါက်အဝမှာ အရေပြားအဖတ်လန်နေပြီး အနည်းငယ်နာတတ်ပါတယ်။ 

ဒီလိုတွေ ခံစားရပြီဆိုရင် နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန် သို့မဟုတ် နီးစပ်ရာဆရာဝန်နဲ့ နားသန့်ရှင်းရေးလုပ်ရတာ၊ မှိုသတ်ဆေးတွေနဲ့ သေချာကုသပေးဖို့လည်း လိုအပ်ပါတယ်။ မိမိကိုယ်တိုင် နားအူနေလို့ ဆိုပြီး cotton buds ဂွမ်းတံနဲ့ ကလိတာ၊ အုန်းဆီ၊ hydrogen peroxide စတာတွေကို နားထဲထည့်တာမျိုး လုံးဝလုံးဝ မလုပ်သင့်ပါဘူး။

👂နားကို ရေချိုးပြီးနဲ့ ရေကူးပြီးချိန်မှာ ခြောက်ခြောက်သွေ့သွေ့ထားပါ။ လိုအပ်မယ်ထင်ရင်တော့ hair dryer ဆံပင်အခြာက်ခံလေမှုတ်စက်လေးကိုသုံးပြီး ခပ်လှမ်းလှမ်းကနေ အပူချိန်အနိမ့်နဲ့ ဖြစ်ဖြစ်၊ လေအေးလေးနဲ့ ဖြစ်ဖြစ် ခြောက်သွေ့အောင် မှုတ်ပေးလို့ရပါတယ်။ 

👂နားထဲကို ဂွမ်းစို့ထားတာ၊ အခြားအရာတွေ သိပ်တာစို့တာ မလုပ်ရပါ။ မကြာခဏဖြစ်တတ်တဲ့သူဆိုရင်တော့ ရေကူးချိန်မှာ နားထဲကို ear plugs ထည့်ပြီး ရေကူးဖို့ လိုပါတယ်။

နာတာရှည် နားမှိုစွဲရောဂါ ဖြစ်သွားရင်တော့ နားစည်ပေါက်ကာ နားအကြားအာရုံလုံးဝ😨ပျက်စီးသွားစေနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာရှိ (နှာခေါင်းဘေးက) လေအိတ်လေးတွေအထိ ပြန့်သွားရင်တော့ သာမန်အစက်ချဆေးလောက်နဲ့ ကုသလို့ မပျောက်တော့ပါဘူး။ ဒါကြောင့် နားမှိုစွဲရောဂါဟာဆိုရင် မပေါ့ဆပဲ သေချာကုသဖို့ အရေးကြီးပါတယ်နော်။ 

နား၊ နှာ‌ခေါင်း၊ လည်ချောင်းပိုင်းဆိုင်ရာ ပြဿနာများအတွက် ENT Specialist အထူးကု ဆရာ၀န်ကြီးများနှင့် ပြသရန် Link : https://mymedicine.com.mm/r/SepWebENT 

အိပ်မပျော်ခြင်းကို ဘယ်လိုဖြေရှင်းကြမလဲ