Skip to Content

Common Types of Lymphoma Cancer

2026- စက်တင်ဘာ 30 by
Common Types of Lymphoma Cancer
Su Lay Nwe
Lymphoma ( လင်ဖိုးမား ) ဆိုတာကတော့  ပြန်ရည်ကြောကင်ဆာလို့ ခေါ်တဲ့ သွေးကင်ဆာ အမျိုးအစားဖြစ်ပါတယ်။ Lymphoma အမျိုးအစားပေါင်းများစွာရှိသော်လည်း အဓိကအနေနဲ့ Hodgkin's Lymphoma (HL) နဲ့ Non-Hodgkin's Lymphoma (NHL) ဆိုပြီး နှစ်မျိုးခွဲထားတဲ့အပြင် NHL ကိုတော့ ဆဲလ်ပွားနှုန်းပေါ် မူတည်ပြီး ဆဲလ်ပွားနှုန်းအရမ်းမြန်တဲ့ High-Grade lymphoma နဲ့ တဖြေးဖြေးချင်းဆဲလ်ပွားတတ်တဲ့ Low-Grade Lymphoma ဆိုပြီး နှစ်မျိုးထပ်ခွဲပါသေးတယ်။ Lymphoma တွေဟာ အမျိုးသားတွေမှာ အဖြစ်များပါတယ်။ HL က အသက်ငယ်ငယ်နဲ့ သက်လတ်ပိုင်းတွေမှာ ဖြစ်တတ်ပြီး NHL ကတော့  အသက် ၆၅ နဲ့ ၇၀ ကြား အရွယ်မှာဖြစ်လေ့ရှိပါတယ်။

ပြန်ရည်ကြောဆိုတာဟာ လူ့ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ထဲက တစ်ခုဖြစ်ပြီး ရောဂါပိုးတစ်ခုခုဝင်လာရင် lymphocytes ခေါ်တဲ့ သွေးဖြူဥတွေ ထုတ်ပေးပြီး ခုခံတိုက်ထုတ်ပေးပါတယ်။ သွေးဖြူဥတွေ ပုံမှန်ထပ်ပိုပြီး အဆမတန်ပွားသွားရင် နောက်ဆက်တွဲအနေနဲ့ အကျိတ်တွေကြီးလာပြီး ပြန်ရည်ကြောကင်ဆာကို ဖြစ်စေပါတယ်။

Lymphoma ဘာကြောင့်ဖြစ်ရလဲ ဆိုတဲ့ တိကျတဲ့ အကြောင်းအရင်းမရှိတာများပြီး ဗိုင်းရပ်စ်ပိုးများ ( HIVပိုး ၊ EB virus )၊ ယခင်က infectious mononucleosis ရောဂါဖြစ်ဖူးသူ၊ H. pylori အစာအိမ်ပိုးကြောင့်အပြင် မွေးရာပါ ကိုယ်ခံအားနည်းတဲ့ ရောဂါရှိသူ၊ ဝမ်းတွင်းကလီစာအစားထိုးကုသမှုခံယူထားပြီး ကိုယ်ခံအားနည်းနေသူတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။

Lymphoma ရောဂါမှာ အဓိကရောဂါလက္ခဏာအနေနဲ့ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံစတဲ့နေရာတွေမှာ သိသာတဲ့ အကျိတ်တွေကြီးလာတာတွေ့ရပါတယ်။ နာကျင်ကိုက်ခဲလေ့မရှိပေမယ့် အရက်သောက်တဲ့ နေ့ဆို သိသိသာသာ အကျိတ်တွေနာနိုင်ပါတယ်။ အကျိတ်တွေဟာ နှစ်ပတ်ကျော်တဲ့ အထိမပျောက်သွားပဲရှိတတ်ပါတယ်။ အကြောင်းအရင်းမတွေ့ပဲ ပိန်လာတာ၊ ဖျားဖျားနေတာ၊ ညဘက်တွေမှာ ချွေးတွေအရမ်းထွက်တာ၊ အမြဲလိုလို နုံးခွေနေတာတွေ ခံစားရနိုင်ပါတယ်။ NHL မှာတော့ အကျိတ်တွေဟာ နေရာအနှံ့ပိုထွက်၊ ပိုကြီးတတ်ပြီး အကျိတ်တွေကနေဖိမိပြီး အူလမ်းကြောင်းပိတ်တာ၊ လည်ပင်းသွေးကြောမကြီးပိတ်တာ၊ ခါးအာရုံကြောမကြီးပိမိတာ စတဲ့ နောက်ဆက်တွဲတွေထိ ဖြစ်နိုင်ပါတယ်။

Lymphoma မှာတွေ့ရတဲ့ ရောဂါလက္ခဏာအတော်များများဟာ သာမန်ရောဂါတွေမှာလည်း တွေ့နိုင်ပါတယ်။ ဒါပေမယ့် ရောဂါတာရှည်လာရင်တော့ ဆရာဝန်တယောက်ယောက်ကိုချက်ချင်း တိုင်ပင်သင့်ပါတယ်။ Lymphoma အတော်များများဟာ ဆေးကုသမှုကို တုံ့ပြန်ချက်အရမ်းကောင်းသလို ပျောက်ကင်းအောင်လည်း ကုသလို့ရပါတယ်။ ခေတ်မီဆေးဝါးတွေလည်း ပိုမိုတိုးတက်ပေါ်ထွက်လာပြီမို့ သင့်ပတ်ဝန်းကျင်မှာလည်း ပြန်ရည်ကြောအကျိတ်ကင်ဆာလို့ သံသယဖြစ်တဲ့သူရှိနေရင် သွေးရောဂါကု ဆရာဝန်နဲ့ သေချာတိုင်ပင် ကုသမှုခံယူဖို့ တိုက်တွန်းစေလိုပါတယ်။

နို့တိုက်မိခင်မှာရင်သားကင်ဆာခံစားနေရပါက