Skip to Content

Leptospirosis: A Disease Transmitted by Rats

ကြွက်သေးမှတစ်ဆင့် ကူးစက်တတ်သောရောဂါ
2026- စက်တင်ဘာ 24 by
Leptospirosis: A Disease Transmitted by Rats
Shoon (My-Medicine)

ကြွက်သေးမှတစ်ဆင့် ကူးစက်တတ်သောရောဂါ

အပူပိုင်းဒေသတွေမှာ ယခုလို မိုးရာသီဆိုရင် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ အူရောင်ငန်းဖျားရောဂါနဲ့ ကြွက်သေးရောဂါတွေဟာ အလွန်ကို အဖြစ်များပါတယ်။ ကြွက်သေးရောဂါဆိုတာ တိရစ္ဆာန်ကနေတစ်ဆင့် လူတွေဆီကို ကူးစက်တတ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါ 𝐙𝐨𝐨𝐧𝐨𝐭𝐢𝐜 𝐝𝐢𝐬𝐞𝐚𝐬𝐞 ဖြစ်ပါတယ်။ မိုးရာသီရေကြီးချိန်မှာ ကမ္ဘာအနှံ့အပြား အဖြစ်များပါတယ်။ 𝐋𝐞𝐩𝐭𝐨𝐬𝐩𝐢𝐫𝐚 𝐢𝐧𝐭𝐞𝐫𝐫𝐨𝐠𝐚𝐧𝐬 ဆိုတဲ့ပိုးကြောင့် လူတွေမှာ ကြွက်သေးရောဂါဖြစ်စေပါတယ်။

ဒီပိုးဟာ သယ်ဆောင်ထားတဲ့ ကြွက်မှာတော့ ရောဂါလက္ခဏာမပြပေမဲ့ ကြွက်ကနေစွန့်ထုတ်တဲ့ သေးထဲမှာ အကောင်ရေများစွာပါလာပြီး ရောနှောသွားတဲ့ ရေတွေထဲမှာ ပိုးဟာ လပေါင်းများစွာ ရှင်သန်နေနိုင်ပါတယ်။ ဒီကြွက်သေးပါနေတဲ့ ရေတွေကို ထိတွေ့မိရင် အရေပြားပွန်းပဲ့ ဒဏ်ရာကနေမှ တဆင့် လူရဲဲ့သွေးထဲမှာ ပွားသွားပြီး ကျောက်ကပ်၊ အသည်း၊ ဦးနှောက်အမြှေးပါးနဲ့ ဦးနှောက်ကို ပျံ့နှံ့သွားပြီး ရောင်ရမ်းစေကာ အသက်သေဆုံးနိုင်တဲ့ အထိကို ပြင်းထပျံ့နှံ့န်နိုင်ပါတယ်။ 

𝐋𝐞𝐩𝐭𝐨𝐬𝐩𝐢𝐫𝐨𝐬𝐢𝐬 ရောဂါဟာ တောင်သူလယ်သမားများ၊ တိရစ္ဆာန်တွေကို ကိုင်တွယ်ထိတွေ့မှု များသူ၊ စစ်မှုထမ်းများ၊ ရေကြီးရေလျှံတဲ့ နေရာတွေမှာ နေထိုင်နေရသူတွေမှာ အဖြစ်များပါတယ်။ ရေဆိုးရေညစ်တွေနဲ့ ထိတွေ့မိပြီးနောက်ပိုင်းမှာ ရောဂါအစပျိုးဖို့ ၁ပတ်ကနေ ၂ပတ်ထိ ကြာတတ်ပါတယ်။ ကနဦးအနေနဲ့ အဖျားကြီးတာ၊ နုံးတာ၊ ကြွက်သားတွေ၊ ခြေသလုံးတွေနာကိုက်တာ၊ မျက်စိကျိန်းစပ်တာ၊ ခေါင်းအရမ်းကိုက်တာ စတဲ့ ပုံမှန်ဖြစ်နေကျ ပိုးဝင်တဲ့ လက္ခဏာတွေ ခံစားရပါတယ်။ ဝမ်းလျှောတာ၊ အန်တာလည်း တစ်ခါတလေတွေ့ရပါတယ်။ ကြွက်သေးရောဂါလို့ သံသယ ဖြစ်စေတဲ့ အထိကလက္ခဏာကတော့ မျက်လုံးကြီး ရဲပြီး နာနေတတ်တာပဲ ဖြစ်ပါတယ်။ 

ကြွက်သေးရောဂါဝေဒနာသည်တွေရဲ့ ၁၀ ရာခိုင်နှုန်းခန့်ဟာ ပြင်းထန်တဲ့ အခြေအနေတွေကို ခံစားရတတ်ပါတယ်။ လူနာမှာ အနီအကွက်၊ အညိုကွက်တွေပေါ်လာတာ၊ နှာခေါင်းသွေးယိုတာ၊ သွေးအန်တာ၊ သွေးဝမ်းသွားတာတွေအထိ ဖြစ်နိုင်ပါတယ်။ အသည်းရောင်တာ၊ အသည်းကြီးတာ၊ အသားဝါလာတာတွေအပြင် ဆီးနည်းသွားတာ၊ ကျောက်ကပ်အားနည်းတာတွေလည်း ဖြစ်နိုင်ပါတယ်။  ဒါ့အပြင် နှလုံးကြွက်သားရောင်တာ၊ ဦးနှောက်နဲ့ ဦးနှောက်အမြှေးရောင်တာ အထိပါ ဖြစ်ပြီး မောတာ၊ ဖောတာ၊ တက်တာ၊ သတိလစ်တာအထိပါ ဖြစ်နိုင်ပါတယ်။ အရှေ့ဖျားဒေသတွေမှာ ဖြစ်တဲ့ ကြွက်သေးရောဂါကတော့ အဆုတ်ကိုထိခိုက်နိုင်ပြီး ပြင်းထန်အဆုတ်ရောင်တာ၊ ချောင်းဆိုးသွေးပါတာအထိပါ ဖြစ်ကာ အသက်ဆုံးရှုံးနိုင်ချေ အလွန်များပါတယ်။  

𝐏𝐫𝐞𝐯𝐞𝐧𝐭𝐢𝐨𝐧 𝐢𝐬 𝐛𝐞𝐭𝐭𝐞𝐫 𝐭𝐡𝐚𝐧 𝐜𝐮𝐫𝐞 ကာကွယ်မှုဟာ ကုသခြင်းထပ်ပိုသာတယ် ဆိုတဲ့ အတိုင်း ဒီလို ပြင်းထန်တဲ့ ကြွက်သေးရောဂါ မဖြစ်ရလေအောင် ခုလို မိုးရာသီမှာ ရေကြည်ရေသန့်နေရာပဲ ဖြစ်ဖြစ်၊ ရေကြီးနေတဲ့ နေရာပဲဖြစ်ဖြစ် ရေဆင်းဆော့တာ၊  ရေကူးတာတွေ ဆင်ခြင်သင့်ပါတယ်။ မိမိမှာ ထိခိုက်ဒဏ်ရာရှိနေရင်လည်း ရေဆိုးရေညစ်တွေထဲ ဖြတ်သွားရတာရှိရင် အနာကို ရေဆိုခံ ပလာစတာကပ်သွားတာ၊ လည်ရှည်ဖိနပ်စီးသွားတာမျိုး လုပ်ရပါမယ်။ ကြွက်တွေ မပေါက်ပွားနိုင်အောင် စားကြွင်းစားကျန်တွေကို စနစ်တကျစွန့်ပစ်ပါ။ သောက်သုံးရေကိုလည်း သေချာကြိုချက်ပြီးမှ သောက်သုံးသင့်ပါတယ်။ ဒီအချက်တွေ သိရှိလိုက်နာပြီး အားလုံး ကြွက်သေးရောဂါ အန္တရာယ်က ကင်းဝေးနိုင်ပါစေနော်။

Sepsis က လွယ်လွယ်ကူးနိုင်လား?
Invest in Sepsis – Save Lives